Table of contents [Show]
- ဘဏ်မှငွေချေးလိုပါက မည်သို့ဆောင်ရွက်ပါမည်နည်း။
- မည်သည့်ကိစ္စများအတွက် ဘဏ်မှငွေချေးယူနိုင်ပါသနည်း။
- မည်သို့သောအကြောင်းအရာများကို ဖော်ပြရန်လိုအပ်ပါသနည်း။
- ဤအကြောင်းအရာများအား ရှင်းပြရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။
- ဘဏ်ကမည်သို့သောပစ္စည်းမျိုးတို့ကို အာမခံအဖြစ် လက်ခံနိုင်ပါသနည်း။
- ဘဏ်မှချေးငွေကို မရရှိမီလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ရှိပါသလား။
- ‘ထုတ်ချေးငွေ’(Loans) နှင့် ‘စာရင်းပိုထုတ်ငွေ’(Overdraft) နှစ်မျိုးတွင် မည်သည့် နည်းဖြင့် ဘဏ်မှ ငွေချေးယူသင့်ပါသနည်း။
- ‘လက်ရောက်ပေါင်’ နှင့် ‘အမှန်းပေါင်’ မည်သို့ခြားနားပါသနည်း။
- ဘဏ်ချေးငွေအတွက် အာမခံအဖြစ် ပေးအပ်သည့် မြေ၊ အဆောက်အဦအတွက် မည်သို့သော စာရွက်စာတမ်းများကို တင်ပြရမည်နည်း။
- ချေးငွေလျှောက်ထားသည့် လုပ်ငန်းအတွက် မည်သို့သောစာရွက်စာတမ်းများကို တင်ပြရမည်နည်း။
- ဘဏ်မှငွေပေါင်းမည်မျှ ချေးယူနိုင်ပါသနည်း။
- အတိုးနှုန်းမည်မျှပေးရပါမည်နည်း။
- ဘဏ်မှချေးငွေကို မည်သည့်ကာလအထိ အသုံးပြုခွင့်ရှိပါသနည်း။
- ချေးငွေများကို အချိန်တန်၍ ပြန်လည်ပေးဆပ်ခြင်းမပြုနိုင်ပါက မည်သို့ဖြစ်ပါမည်နည်း။
- အရင်းအတိုးပေးဆပ်ရန်ပျက်ကွက်သော ချေးငွေများအား ဘဏ်မှမည်သို့ ဆက်လက် ဆောင်ရွက်နိုင်သနည်း။
- မည်သို့သောအခြေအနေမျိုးတွင် ဘဏ်ကဆက်လက်၍ လက်ရှိအတိုင်း ငွေချေးပါ သနည်း။(သို့ မဟုတ်)ချေးငွေကို တိုးမြင့်ပေးပါသနည်း။
- ချေးငွေတစ်စိတ်တစ်ဒေသကို ပြန်လည်ပေးဆပ်ပါက ဘဏ်တွင်တင်သွင်းထားသော အာမခံပစ္စည်းအချို့ကို ပြန်၍ထုတ်ယူနိုင်ပါသလား။
- ချေးငွေကိုအပြေအလည်ပြန်၍ ပေးဆပ်ပြီးနောက်တွင် အာမခံပစ္စည်းများကို ဆက်လက်၍ ဘဏ်တွင်ထားလိုပါက ထားနိုင်ခွင့်ရှိပါသလား။
- ဘဏ်မှငွေချေးလျှင် တစ်ပါးသူထံပေါက်ကြားသွားမည်လား။
- ဘဏ်တွင်ငွေချေးရန်အတွက် စာရင်းရှင်စာရင်းဖွင့်လှစ်ရန် လိုအပ်ပါသလား။
ဘဏ်မှငွေချေးလိုပါက မည်သို့ဆောင်ရွက်ပါမည်နည်း။
ဘဏ်မှငွေချေးလိုပါက လူကြီးမင်းနှင့် အနီးစပ်ဆုံးဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲမန်နေဂျာနှင့် တွေ့ဆုံဆွေးနွေးပါ။ မန်နေဂျာဖြစ်သူက လူကြီးမင်းအား ဘဏ်မှငွေထုတ် ချေးရေးကိစ္စအတွက် ဝမ်းပန်းတသာဖြင့် တတ်စွမ်းသမျှအကူအညီပေးပါလိမ့်မည်။ ဘဏ်မှ ငွေချေးယူရေးကိစ္စများတွင် ပွဲစားခယူပြီး ဆောင်ရွက်သည့် အာမခံပေးသူများနှင့် ကြားပွဲစား များကို ဘဏ်အနေဖြင့်အသုံးမပြုပါ။ (ကြားပွဲစားကြောင့် Customer များအနေဖြင့် နစ်နာမှု ရှိနိုင်ကြောင်း သတိပြုစေလိုပါသည်။) သို့ပါ၍ ငွေချေးယူလိုသည့်ကိစ္စကို ဘဏ်ခွဲမန်နေဂျာနှင့် မိမိကိုယ်တိုင် လွတ်လွတ်လပ်လပ်ဖြင့် တေ့တေ့ဆိုင်ဆိုင်တွေ့ဆုံလျှက် ဆက်သွယ်ဆောင်ရွက် သင့်ပါသည်။
မည်သည့်ကိစ္စများအတွက် ဘဏ်မှငွေချေးယူနိုင်ပါသနည်း။
တရားဥပဒေနှင့်အညီ ဆောင်ရွက်နေသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ်မှု လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများအားလုံးအတွက် ဘဏ်မှငွေချေးယူရရှိနိုင်ပါသည်။ စက်မှုလက်မှုလုပ်ငန်းရပ်များ အတွက် စက်လည်နိုင်ရန် လိုအပ်သည့်ငွေများကိုလည်း ဘဏ်ကထုတ်ချေးနိုင်ပါသည်။ သို့ရာတွင် ဘဏ်မှ ချေးယူသွားသည့်ငွေများကို ငွေချေးခွင့်ပြုထားသော လုပ်ငန်းနှင့် မသက်ဆိုင်သည့် ကိစ္စရပ် များတွင် အသုံးပြုခြင်းနှင့်အပြင်တွင် ငွေတိုးပေးစားခြင်းများ မပြုလုပ်ရန် ဘဏ်ကအထူးပင် သတိ ထားပါသည်။ အကယ်၍ ဘဏ်မှထုတ်ချေးထားသော ငွေများနှင့်အပြင်တွင် ငွေတိုးပေးစားခြင်းကို ပြုလုပ်နေကြောင်း သိရှိသည်နှင့်တပြိုင်နက် ချေးငွေများကို ချက်ခြင်းပြန်လည်ပေးဆပ်ရန် ဘဏ်က တောင်းခံလိမ့်မည် ဖြစ်ပါသည်။
မည်သို့သောအကြောင်းအရာများကို ဖော်ပြရန်လိုအပ်ပါသနည်း။
ဘဏ်သည်တည်ကြည်ရိုးဖြောင့်မှုနှင့်ပတ်သက်၍ စိတ်ချယုံကြည်ရသည့် လူပုဂ္ဂိုလ် များနှင့်လုပ်ငန်းအဖွဲ့အစည်းများကိုသာ ငွေများထုတ်ချေးနိုင်ရန် သေသေချာချာ ဆောင်ရွက်ရ မည်ဖြစ်ပါ၍ ဘဏ်နှင့်စတင်ဆက်သွယ်ရာ၌ ဘဏ်ကယုံကြည်၍ စာရင်းဖွင့်ထားပြီး သူတစ်ဦးဦး (သို့မဟုတ်) ယုံကြည်စိတ်ချသော ပုဂ္ဂိုလ်တစ်ဦးဦးက မိမိအားဘဏ်နှင့်ဆက်သွယ်ပေးရန် လိုအပ်ပါသည်။ မိမိ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း အထောက်အထားကို လိုအပ်ပါက ဘဏ်ကထပ်မံ တောင်းယူပါ လိမ့်မည်။
မိမိ၏မတည်ရင်းနှီးငွေနှင့်တကွ ငွေရေးကြေးရေးအခြေအနေအပြင် အရောင်းအ၀ယ် လုပ်ငန်း (သို့မဟုတ်) အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ ကို ဘဏ်ကသိရှိရန်လိုပါမည်။ မိမိ၏လုပ်ငန်းနှင့်ပတ်သက်သည့် လွန်ခဲ့သော(၃)နှစ်က စာရင်းများ (စာရင်းစစ်များက စစ်ဆေးအတည်ပြုပြီးသော စာရင်းများကို ပိုမိုလိုလားပါသည်။) ကို ပြသပါရန် ဘဏ်ကမေတ္တရပ်ခံပါလိမ့်မည်။
ထို့အပြင်မည်သည့်အပြင် ဤသို့ငွေချေးလိုသည် ဤငွေကိုမည်သို့ အသုံးချရန် စီစဉ်ထားသည်၊ မည်သို့သောနည်းဖြင့် ချေးယူငွေကို ပြန်လည်ပေးဆပ်မည် စသည့်အချက်တို့ ကိုလည်း ဘဏ်အားရေလည်စွာ ရှင်းလင်းပြောပြရန် လိုပါလိမ့်မည်။
ဤအကြောင်းအရာများအား ရှင်းပြရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။
ဘဏ်လုပ်ငန်းမှာ အပေါင်ဆိုင်လုပ်ငန်း (သို့မဟုတ်) ငွေတိုးပေးစားသူများ၏ လုပ်ငန်းတို့နှင့် လုံးဝကွဲပြားခြားနားလျှက် ဘဏ်သည်လူကြီးမင်း၏လုပ်ငန်း ကြီးပွားတိုး တက်ရေးတွင် ၎င်းတို့ ထက်ပိုမိုစိတ်ဝင်စားလေ့ရှိပါသည်။ အကြောင်းမူကား ဘဏ်သည်၎င်းထံမှ ချေးယူထားသည့်ငွေများကို ပြန်လည်ပေးဆပ်ရာ၌ အာမခံတင်ထားသည့် ပစ္စည်းများကို ထုခွဲရောင်းချ၍ ပေးဆပ်ရခြင်းထက် လူကြီးမင်း၏ လုပ်ငန်းမှရရှိလာမည့် အမြတ်အစွန်း များဖြင့် ပြန်လည်ပေးဆပ်ခြင်းကိုသာ လိုလားသည့်အတွက်ဖြစ်ပါသည်။
သို့ပါ၍ ဘဏ်မှငွေထုတ်ချေးရန် အစီအစဉ်မပြုမီ လူကြီးမင်းသည် ဘဏ်မှထုတ်ချေး မည့်ငွေကို အမြတ်အစွန်းဖြစ်ထွန်းစေမည့် လုပ်ငန်းရပ်များတွင် ရင်းနှီးသုံးစွဲနိုင်စွမ်း ရှိ/မရှိနှင့် ထိုချေးငွေများကို လူကြီးမင်း၏လုပ်ငန်းမှ ရရှိလာမည့်အမြတ်အစွန်းတို့ဖြင့် ပြန်လည်၍ ပေးဆပ်နိုင်သည့်အခြေအနေရှိ/မရှိ စသည်တို့ကို တတ်နိုင်သမျှ ဘဏ်ကလေ့လာစုံစမ်းပြီး ကျေနပ်မှုရရှိပြီးသည့်အခါမှသာ ငွေထုတ်ချေးလေ့ရှိပါသည်။ ဤသည်ပင်လျှင် အဘယ်ကြောင့် ဘဏ်ကလူကြီးမင်း၏ လုပ်ငန်းနှင့်ပတ်သက်ဿည့် စာရင်းအင်းများကို ကြည့်ရှုလေ့လာ လိုကြောင်း တောင်းယူသည့် အချက်၏ အဖြေပင်ဖြစ်ပါသည်။
မိမိ၏ငွေရေးကြေးရေး အခြေအနေနှင့်ပတ်သက်၍ ဘဏ်နှင့်ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ယင်းသို့ဆွေးနွေးချက်များကို ဘဏ်ကအထူးလျှို့ဝှက်ထားမည် ဖြစ်ကြောင်းကိုလည်း ယုံကြည်စိတ်ချစေလိုပါသည်။
ဘဏ်ကမည်သို့သောပစ္စည်းမျိုးတို့ကို အာမခံအဖြစ် လက်ခံနိုင်ပါသနည်း။
ဘဏ်ကအာမခံပစ္စည်းအဖြစ် လက်ခံနိုင်သော ပစ္စည်းအတော်များများရှိသည့်အနက် အချို့ကို အောက်ပါအတိုင်း ဖော်ပြလိုပါသည –
- (၁) မြေနှင့်အဆောက်အဦများ
- (၂) စိန်ရွှေလက်ဝတ်ရတနာများ
- (၃) ကုန်စည်များ
- (၄) အသက်အာမခံစာချုပ်များ
- (၅) အစိုးရငွေချေးသက်သေခံလက်မှတ်များ
- (၆) စာရင်းသေအပ်ငွေများ
- (၇) လူပုဂ္ဂိုလ်ကအာမခံပေးခြင်းများ
မှတ်ချက်။ လက်ရှိအနေအထားတွင် အထက်အမှတ်စဉ်(၁)အမျိုးအစားကို သာလျှင် လက်ခံမှု ပြုပါသေးသည်။
ဘဏ်မှချေးငွေကို မရရှိမီလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ရှိပါသလား။
လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်ရှိပါသည်။ ဘဏ်ချေးငွေမရမီ အောက်ပါ အတိုင်း ဆောင်ရွက်ရပါမည်။
- (က) အာမခံပစ္စည်းအဖြစ် ပေးအပ်သည့်မြေနှင့် အဆောက်အဦအတွက် ဘဏ်၏ ရာဖြတ်က တန်ဘိုးဖြတ်ပေးရပြီး၊ ဘဏ်၏ရှေ့နေက အာမခံအတွက် ပေးအပ်သည့် စာချုပ်၊ စာတမ်းများ၏ ပိုင်ဆိုင်မှုအနေအထားကို စစ်ဆေးအတည်ပြုပေးရပါ မည်။
- ( ခ) အာမခံပစ္စည်းအဖြစ် ပေးအပ်သည့်မြေနှင့် အဆောက်အဦအတွက် မီးအာမခံ ထားပေးရပါမည်။
- ( ဂ) ဘဏ်မှချေးယူသည့် ငွေများကို ပြန်လည်ပေးဆပ်ရန် ကတိစာချုပ်တစ်ခုနှင့် အခြားသက်ဆိုင်ရာ စာချုပ်စာတမ်းများပေါ်တွင် ငွေချေးသူများမှ လက်မှတ် ရေးထိုးရပါလိမ့်မည်။ အချို့စာချုပ်စာတမ်းများကို အစိုးရမှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ရန်လိုအပ်ပါသည်။
- (ဃ) စက်ရုံနှင့်အလုပ်ရုံများကိုမူ လိုအပ်ပါက ယင်းလုပ်ငန်းများအတွက် ဘဏ်က ငွေကြေးအကူအညီပေးရန် မဆုံးဖြတ်မီပင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးရပါ မည်။
- ( င) အသက်အာမခံစာချုပ်များဖြစ်ပါမူ တစ်ဦးဦးအား အကျိုးခံစားခွင့် လွှဲပြောင်း ပေးထားခြင်း ရှိ/မရှိ၊ ထို့ပြင် အာမခံစာချုပ်ကို လတ်တလော အာမခံကုမ္ပဏီ သို့ ပြန်လည်လွှဲအပ်ရပါက ရရှိနိုင်မည့် ပြန်အမ်းငွေ (Surrender Balue)ကို စိစစ်ရန် သက်ဆိုင်ရာ အာမခံကုမ္ပဏီသို့ စုံစမ်းမေးမြန်းရပါမည်။
- ( စ) လူပုဂ္ဂိုလ်အာမခံပေးသည့်ကိစ္စတွင် အာမခံပေးမည့်သူ၏ ငွေရေးကြေးရေး အခြေအနေကို ဘဏ်ကစုံစမ်းရမည့်အပြင် လိုအပ်ပါက အာမခံပေးသူက အာမခံ ပစ္စည်းတစ်ခုခုကို တင်ပြရမည်ဖြစ်ပါသည်။
ဘဏ်သို့အာမခံအဖြစ် ပေးသွင်းထားသည့် ပစ္စည်းအားလုံးကို ဘေးအန္တရာယ် အသွယ်သွယ်အတွက် လုံခြုံစေရန် အာမခံထားပေးရပါမည်။
ငွေချေးရန်ကိစ္စအတွက် ဆောင်ရွက်ရန်လိုအပ်သောကိစ္စအဝဝကို ဘဏ်ကဆောင်ရွက် ပေးပါသည်။ သို့ရာတွင် ရာဖြတ်ခများ၊ စာချုပ်စာတမ်းများ စစ်ဆေးရသည့်အတွက် ကုန်ကျ သည့် ရှေ့နေခများ၊ အာမခံကြေးများနှင့် မှတ်ပုံတင်ခများကိုမူ ငွေချေးယူသူက ကျခံရပါလိမ့် မည်။ ယင်းသို့ ကုန်ကျရမည့်စိတ်များကို အကြမ်းအားဖြင့် ဘဏ်ကပြောပြနိုင်ပါသည်။
- (၁) ရှေ့နေခမှာ အမှုကိစ္စတစ်ခုအတွက် ကျပ်-၂ဝဝဝ
- (၂) ရာဖြတ်ခမှာ နေအိမ်တစ်လုံးအတွက် ကျပ်-၅ဝဝ
- (၃) ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်နှင့် စစ်တွေမြို့များမှအပ ကျန်မြို့များရှိ ဘဏ်များတွင် ငွေချေးယူပါက အောက်ပါစရိတ်များပါ ထပ်ဆောင်းကျခံရပါ မည်-
– အပေါင်စာချုပ်တံဆိပ်ခေါင်းဖိုး ချေးယူငွေပေါ်တွင် (၁.၅%) ကျခံရပါ မည်။
‘ထုတ်ချေးငွေ’(Loans) နှင့် ‘စာရင်းပိုထုတ်ငွေ’(Overdraft) နှစ်မျိုးတွင် မည်သည့် နည်းဖြင့် ဘဏ်မှ ငွေချေးယူသင့်ပါသနည်း။
ဘဏ်မှ ငွေချေးယူရန် စိစစ်ရာ၌ ငွေချေးယူနည်းနှစ်မျိုးရှိပါသည်။ ယင်းတို့မှာ ‘ထုတ်ချေးငွေ’(Loans)နှင့် ‘စာရင်းပိုထုတ်ငွေ’(Overdraft)တို့ဖြစ်ပါသည်။
‘ထုတ်ချေးငွေ’နည်းဖြင့် ချေးယူရန်စီစဉ်ပါက လူကြီးမင်းအလိုရှိသောနေ့တွင် ချေးယူ ငွေအတိအကျကို လူကြီးမင်း၏စာရင်းရှင်သို့ ဘဏ်ကထည့်သွင်းပေးပါလိမ့်မည်။ ဤကဲ့သို့ စာရင်း သွင်းပေးလိုက်သည့် ချေးငွေအားလုံး၏အပေါ်တွင် ကျသင့်သမျှအတိုးငွေကို ထိုနေ့မှစတင် တွက်ချက်၍ (၃) လလျှင်တစ်ကြိမ် လူကြီးမင်း၏ စာရင်းမှအတိုးငွေကို နှုတ်ယူ ပါလိမ့်မည်။ သို့ပါ၍ ယင်းသို့သော အတိုးများကို ပေးနိုင်ရန်အတွက် မိမိ၏စာရင်းရှင်တွင် အစဉ်သဖြင့် လက်ကျန်ငွေ လုံလုံလောက်လောက်ရှိစေရမည်ဖြစ်ပါသည်။
‘စာရင်းပိုထုတ်ငွေ’နည်းဖြင့် ဘဏ်မှငွေချေးယူရန်စီစဉ်ပါမူ မိမိ၏စာရင်းမှ ငွေလို သည့်အခါတိုင်း ရှိရင်းငွေထက်ပိုမို၍ ထုတ်ယူနိုင်ပါသည်။ သို့ရာတွင် ထိုသို့စာရင်းမှ ပို၍ ထုတ်ယူငွေစုစုပေါင်းမှာ မည်သည့်အချိန်တွင်မဆို ဘဏ်ကသဘောတူ သတ်မှတ်ပေးထားသည့် ငွေအကန့် အသတ်ထက်မပိုစေရပါ။ ထို့ကြောင့်မိမိ၏စာရင်းမှ ပိုမိုထုတ်ယူထားသည့် ငွေများ လျော့ပါးသွားရန် (သို့မဟုတ်) လုံးဝကျေလည်သွားစေရန်အတွက် မိမိ၏စာရင်းသို့ ငွေများထည့် သွင်းနိုင်ပါသည်။ ထို့နောက်ခွင့်ပြုထားသည့် စာရင်းပိုထုတ်ငွေ အကန့်အသတ်အတွင်း ငွေများ ကို ပြန်လည်ထုတ်ယူ နိုင်ခွင့်ရှိပါသည်။ အတိုးတွက်ချက်ရာတွင်မူ နေ့စဉ်ပို၍ ထုတ်ယူထားသော ငွေပေါ်တွင်သာ အတိအကျတွက်ယူမည်ဖြစ်လျှက် (၃) လလျှင်တစ်ကြိမ် ၎င်းအတိုးငွေကို မိမိ၏စာရင်းမှပင် ထုတ်နှုတ်၍ ယူပါလိမ့်မည်။
သို့ပါ၍မည်သည့်အခါတွင်မှ မိမိ၏ စာရင်းပိုထုတ်ယူထားသည့်ငွေနှင့် ကျသင့်သော အတိုးငွေ နှစ်ရပ်ပေါင်းသည် ဘဏ်ကသတ်မှတ်ပေးထားသော စာရင်းပိုထုတ်ယူနိုင်ခွင့် အကန့် အသတ်ထက်မပိုစေရန် သတိပြုအပ်ပါသည်။
ဘဏ်မှငွေချေးယူရာ၌ ‘ထုတ်ချေးငွေ’ယူသင့်သည့် (သို့မဟုတ်) ‘စာရင်းပိုထုတ် ငွေ’ ယူသင့်သည်ဆိုသည်မှာ မိမိအသုံးလိုမှုနှင့် ဘဏ်တွင်အပ်နှံထားသော အာမခံပစ္စည်းတို့ အပေါ်တွင် မူတည်ပါသည်။ ဤကိစ္စတွင် ဘဏ်ကကူညီ လမ်းညွှန်ပေးပါလိမ့်မည်။
‘လက်ရောက်ပေါင်’ နှင့် ‘အမှန်းပေါင်’ မည်သို့ခြားနားပါသနည်း။
‘လက်ရောက်ပေါင်’ အဖြစ်သာ လက်ခံလေ့ရှိရာ ဤကဲ့သို့ အပေါင်ခံရာတွင် ပစ္စည်းများ ကို ဘဏ်ပိုင်ဂိုဒေါင် (သို့မဟုတ်) ငွေချေးသူက အသုံးပြု၍နေသည့် ဂိုဒေါင်တွင် ထည့်သွင်း ထားခြင်းဖြင့် ထိုကုန်စည်များနှင့် ပတ်သက်၍ ဘဏ်ကကိုယ်ထိလက်ရောက် ကြပ်မတ် ထိန်းသိမ်းရပါသည်။ ငွေချေးယူသူ၏ ဂိုဒေါင်တွင် ကုန်စည်များကို ထားလိုသည့်အခါတွင် ဘဏ်ကဂိုဒေါင်ကို၎င်း၏ သော့ခလောက်များဖြင့် လုံခြုံအောင်ခတ်ထားလျှက်၎င်း၏ ဂိုဒေါင် စောင့်ကိုလည်း အစောင့်အကြပ်အဖြစ် ခန့်ထားပါသည်။ ကုန်စည်များကို ဘဏ်ကသိမ်းဆည်း ထားကြောင်း ဖော်ပြသည့်စာတမ်းကိုလည်း ကပ်ထားရန် တရားဥပဒေအရ လိုအပ်သဖြင့် ကပ်ထားရမည်ဖြစ်ပါသည်။
ကုန်စည်များကို ဘဏ်၏ ဂိုဒေါင်တွင် ထားလိုပါလျှင် ငွေချေးယူသူက ဘဏ်အား ဂိုဒေါင်ခများပေးရပါမည်။ ငွေချေးယူသူက အသုံးပြုနေသည့် ဂိုဒေါင်တွင် ကုန်စည်များထားသို ပက ဘဏ်ကအစောင့်ချထားသည့် ဂိုဒေါင်စောင့်၏ လစာများကို ကျခံရပါသည်။ ကုန်ကျစရိတ် များကို ပေးရန်အချိန်ကျရောက်သည့်အခါတိုင်း ငွေချေးယူသူ၏ စာရင်းရှင်မှ နှုတ်ယူသည့် ထုံးစံရှိပါသည်။
‘အမှန်းပေါင်’ ဖြင့် ဘဏ်မှငွေချေးယူရာတွင် ကုန်စည်များကို ငွေချေးယူ သူ၏ လက်ဝယ်တွင် ထားရှိပြီး ၎င်းကပင်ကြပ်မတ်ထိန်းသိမ်းရပါသည်။
လက်ရောက်ပေါင်ဖြင့် ဖြစ်စေ၊ အမှန်းပေါင်ဖြင့်ဖြစ်စေ လက်ခံ၍ငွေထုတ်ချေးသည့် ကိစ္စနှစ်ရပ်လုံးတွင် ဘဏ်ကအလိုရှိသည့်အတိုင်း ကုန်စည်စာရင်းများကို မှန်မှန်တင်ပြလျှက် ဘဏ်၏ ချေးငွေစစ်ဆေးရေးမှူးများက ကုန်စည်များကို အချိန်မှန်စစ်ဆေးခြင်း ပြုရပါသည်။ အမှန်းပေါင်အဖြစ် လက်ခံ၍ ငွေချေးရာတွင် ကုန်စည်အသွင်းအထုတ်ပြုလုပ်ရာ၌ ဘဏ်က ကိုယ်ထိလက်ရောက် ကြပ်မတ်ခြင်းမပြုနိုင်သဖြင့် ကုန်စည်စာရင်းတင်သွင်းခြင်းနှင့် ၎င်းတို့ကို စစ်ဆေးခြင်းများကို လက်ရောက်ပေါင်ခြင်းထက် ပို၍ဆောင်ရွက်ရမြဲဖြစ်ပါသည်။
ဘဏ်ချေးငွေအတွက် အာမခံအဖြစ် ပေးအပ်သည့် မြေ၊ အဆောက်အဦအတွက် မည်သို့သော စာရွက်စာတမ်းများကို တင်ပြရမည်နည်း။
အာမခံအဖြစ်ပေးအပ်သည့် မြေ၊ အဆောက်အဦပိုင်ဆိုင်မှုအတွက် အောက်ပါတို့ကို တင်ပြ ရပါသည်-
- (၁) မြေနှင့်အိမ်အရောင်းအဝယ်မှတ်ပုံတင်စာချုပ်မူရင်း
- (၂) အငှားဂရန်မြေဖြစ်ပါက ဂရန်မူရင်း
- (၃) မြေစာရင်းပုံစံ ၁(က) (သို့မဟုတ်) ၁ဝ၆နှင့်
- (၄) မြေစာရင်းပုံစံ ၁ဝ၅ (မြေကြီးမြေပုံ) (Certified Copy)
- (၅) မြေခွန်၊ ရေခွန်၊ မီးခွန်၊ မြူခွန်ပေးဆောင်ထားသည့် အထောက်အထားများ
- (၆) မြေနှင့် အဆောက်အဦကို ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ကျမ်းကျိန်လွှာ
- (၇) အဆောက်အဦမှာ အနည်းဆုံး တိုက်ခံအိမ်ဖြစ်ရပါမည်။
- (၈) အာမခံအဖြစ် ပေးအပ်သည့်မြေနှင့် အဆောက်အဦအား ဘဏ်သို့ပေးအပ်သည့် အထူးကိုယ်စားလှယ်လွှဲစာ (Special Power)
မှတ်ချက်။
- (၁) ဘိုးဘွားပိုင်မြေ(သို့မဟုတ်) မြေပိုင်မြေအမျိုးအစားဖြစ်ပါက အမှတ်စဉ်(၂)ကို တင်ပြရန်မလိုပါ။
- (၂) အငှားဂရန်မြေဖြစ်ပါက မြေနှင့်အဆောက်အဦ အရောင်းအဝယ်စာချုပ်-ချုပ်ဆို ထားခြင်းမရှိခဲ့လျှင် အမှတ်(၁)ကို မတင်ပြနိုင်သော်လည်း လက်ခံပါ သည်။
ချေးငွေလျှောက်ထားသည့် လုပ်ငန်းအတွက် မည်သို့သောစာရွက်စာတမ်းများကို တင်ပြရမည်နည်း။
ချေးငွေလျှောက်ထားသည့်လုပ်ငန်းနှင့်ပတ်သက်၍ အောက်ပါတို့ကို တင်ပြရပါသည်-
- (၁) (၃)နှစ်အတွက် အမြတ်ခွန်ပေးဆောင်ထားသည့် အထောက်အထားများ၊
- (၂) လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရယူရန်လိုအပ်သည့် လုပ်ငန်းအမျိုးအစားများ အတွက် သက်တမ်းရှိဆဲလုပ်ငန်းလိုင်စင်၊
- (၃) လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရယူရန်မလိုအပ်သည့် လုပ်ငန်းအမျိုးအစားများ အတွက် လုပ်ငန်းအမှန်တကယ်လုပ်ကိုင်ကြောင်း ခိုင်လုံသည့် အထောက် အထား၊
- (၄) စီးပွားရေးလုပ်ငန်း အခြေအနေနှင့်ပတ်သက်၍ အနည်းဆုံးပြီးခဲ့သည့် (၁)နှစ် အတွက် ကုန်ထုတ်လုပ်မှုစာရင်း/အရောင်းအဝယ်စာရင်း/ အရှုံးအမြတ်စာရင်း နှင့် လက်ကျန်ရှင်းတမ်းများ (လိုအပ်ပါက (၃) နှစ်စာ စာရင်းများ တင်ပြပေး ရန်၊ ဘဏ်က တောင်းခံပါသည်။)
ဘဏ်မှငွေပေါင်းမည်မျှ ချေးယူနိုင်ပါသနည်း။
လူကြီးမင်း၏ လုပ်ငန်းအတွက် အမှန်တကယ်အသုံးလိုပြီး (၁၂) လထက် မပိုသည့် ကာလအတွင်းတွင် ချေးယူထားငွေကို ပြန်လည်ပေးဆပ်နိုင်မည်ဟု ဘဏ်ကသဘောရရှိသည့် ငွေကို သာထုတ်ချေးပါလိမ့်မည်။ သို့ပါ၍ ဘဏ်သို့ပေးသွင်းသော မိမိ၏အာမခံပစ္စည်း တန်ဘိုး သည် မည်မျှပင်ရှိစေကာမူ မိမိလုပ်ငန်းအတွက် တကယ်တန်းအသုံးလိုမည့် ငွေထက်ပိုမိုပြီး မချေးငှားမိ စေရန်လည်းကောင်း၊ ထို့အပြင် (၁၂) လအတွင်း ပြန်လည်၍ပေးဆပ်နိုင်စွမ်းမရှိ သောငွေများကို မိမိအား ထုတ်ချေးရန်အတွက် ဘဏ်သို့တောင်းဆိုခြင်း မပြုမိစေရန်လည်း ကောင်း၊ အထူးသတိချပ် ရန်လိုအပ်ပါသည်။ အပိုဒ် (၄) တွင် ဖော်ပြခဲ့သည့်အတိုင်း လူကြီးမင်း က အာမခံအဖြစ်ပေးသွင်းသည့် ပစ္စည်း၏တန်ဘိုးထက် လူကြီးမင်းက (၁၂) လအတွင်း ငွေပြန်၍ ဆပ်နိုင်ရေးကိုသာ ဘဏ်ကပိုမိုပြီး အဓိကထား၍စဉ်းစားသည့်အချက်ကို သတိပြုသင့် ပါသည်။
အတိုးနှုန်းမည်မျှပေးရပါမည်နည်း။
အချိန်ကာလကိုလိုက်၍လည်းကောင်း၊ နေရာဒေသကိုလိုက်၍လည်းကောင်း၊ ပေးအပ် ထားသည့် အာမခံပစ္စည်းအမျိုးအစားကိုလိုက်၍လည်းကောင်း၊ အတိုးနှုန်းထားများ ကွဲပြားခြား နားလေ့ရှိပါသည်။ ယေဘူယျအားဖြင့်ပြောရပါမူ ဘဏ်ကသက်သာသောနှုန်းဖြင့်သာ အတိုးယူ လေ့ရှိပါသည်။
လက်ရှိအတိုးနှုန်းထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- (၁) နှစ်ချင်းဆပ်ချေးငွေ (စာရင်းပိုထုတ်ငွေ) (၁)နှစ်လျှင် ၁၃%
- (၂) နှစ်ချင်းဆပ်ချေးငွေ (ထုတ်ချေးငွေ) ။ ၁၃%
- (၃) နှစ်လတ်ချေးငွေ(၃နှစ်မှ ၅နှစ်အထိ) ။ ၁၂.၅%
- (၄) နှစ်ရှည်ချေးငွေ( ၅နှစ်အထက်မှ ၁ဝနှစ်အထိ) ။ ၁၂.၂၅%
- (၅) ဘဏ်မှရယူသောအတိုးနှုန်းသည် နည်းပါးသော်လည်းပုံမှန်အတိုးငွေပေးသွင်း ခြင်းမရှိပါက အတိုးပေါ်အတိုးဆင့်တွက်ချက်ပါသည်။
- (၆) ခွင့်ပြုသည့်ချေးငွေစုစုပေါင်းအပေါ် ဘဏ်ဆောင်ရွက်ခ ၁% နှင့် ထုတ်ချေး ခြင်းမပြုသည့်ချေးငွေအပေါ် ကတိခံကြေး ၁%ကို (၁-၁-၂ဝဝ၆) မှ စတင် ကောက်ခံပါမည်။
မှတ်ချက်။ အတိုးနှုန်းများမှာ အကြောင်းအားလျောစွာ ပြောင်းလဲမှုရှိနိုင်ပါသည်။
ဘဏ်မှချေးငွေကို မည်သည့်ကာလအထိ အသုံးပြုခွင့်ရှိပါသနည်း။
ငွေချေးယူသည့် ရည်ရွယ်ချက်နှင့် ပြန်လည်ပေးဆပ်ရန် ငွေပေါ်ပေါက်မည့် အခြေ အနေပေါ်တွင်မူတည်၍ နှစ်ချင်းဆပ်ချေးငွေကို သာမန်အားဖြင့် (၁၂)လထက်မများသော မည်သည့် အချိန်ကာလအတွက်ကို မဆိုဘဏ်ကငွေထုတ်ချေးပါလိမ့်မည်။ အချိန်ကျရောက်လျှင် မိမိချေးယူ ထားသည့်ငွေကို ပြန်လည်၍ပေးဆပ်လိမ့်မည်ဟု ဘဏ်ကမျှော်လင့်ထားပါသည်။ နှစ်လတ် ချေးငွေနှင့် နှစ်ရှည်ချေးငွေများကို လုပ်ငန်းသဘာဝအပေါ်မူတည်ပြီး ချေးငွေအမျိုးအစားအလိုက် သတ်မှတ်ပေးသည့် ကာလအတွင်း သတ်မှတ်ပေးသည့် စည်းကမ်းချက်နှင့်အညီ ပြန်လည်ပေးဆပ် လိမ့်မည်ဟု ဘဏ်က မျှော်လင့်ထားပါသည်။
နှစ်လတ်ချေးငွေနှင့် နှစ်ရှည်ချေးငွေများကို လုပ်နင်းသဘာဝအပေါ် မူတည်ပြီး ချေးငွေ အမျိုးအစားအလိုက် သတ်မှတ်ပေးသည့်ကာလအတွင်း သတ်မှတ်ပေးသည့် စည်းကမ်းချက်နှင့် အညီ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။
ချေးငွေနှင့်ပတ်သက်၍ ပြန်ဆပ်ရန် သတ်မှတ်ထားသော ကာလကုန်ဆုံးချိန်တွင် ထိုငွေ ကိုပြန်လည်၍ မပေးဆပ်ရသေးပါက မည်သည့်အကြောင်းကြောင့် မိမိကပြန်လည်၍ ပေးဆပ်ခြင်း မပြုနိုင်သေးကြောင်းနှင့် ကြွေးဆပ်ရန် မည်သို့စီစဉ်ထားကြောင်းကို အကြောင်း ကြားလိမ့်မည်ဟု ဘဏ်ကမျှော်လင့်ပါသည်။ ယင်းသို့အကြောင်းကြားသည့်အခါဝယ် ထိုချေးငွေ များကို ပြန်၍ပေးဆပ်ရန် အချိန်တိုးပေးရန် သင့်မသင့်ကို ဘဏ်ကစဉ်းစားဆုံးဖြတ်ပါလိမ့်မည်။
အချိန်မှန်ပြန်လည်ပေးဆပ်မှုမပြုခြင်း (သို့မဟုတ်) လုံးဝပြန်လည်ပေးဆပ်မှုမပြုခြင်း သည် ငွေချေးသူအတွက် ကြီးမားသော ဆုံးရှုံးမှုနှင့် အန္တရာယ်များ ကျရောက်နိုင်သည်ကို အထူး သတိပြုရန် လိုအပ်ပါသည်။
အရင်းအတိုးပေးဆပ်ရန်ပျက်ကွက်သော ချေးငွေများအား ဘဏ်မှမည်သို့ ဆက်လက် ဆောင်ရွက်နိုင်သနည်း။
နှစ်ချင်းဆပ်ချေးငွေ၏ သက်တမ်းမှာသာမန်အားဖြင့် စတင်ထုတ်ချေးသည့်နေ့မှစ၍ (၁) နှစ်ဖြစ်ပါသည်။ ယင်းကာလအတွင်း (၃) လတစ်ကြိမ် အတိုးမှန်ကန်စွာပေးသွင်းခြင်း၊ ချေးငွေ အရင်းအချို့ပေးဆပ်ခြင်းများရှိပါက သက်တမ်းပြည့်ပြီးနောက် (၁) နှစ်အတွက် သက်တမ်း (Renewal) လျှောက်ထားခွင့်ရှိပါသည်။ (သက်တမ်းတိုးကာလအတွင်း ငွေသွင်း/ ငွေထုတ်ဆက်လက် ပြုလုပ်နိုင်ပါသည်။) သက်တမ်းတိုးကာလအတွင်း (၃) လတစ်ကြိမ် အတိုး မှန်ကန်စွာ ပေးသွင်းခြင်း၊ ချေးငွေအရင်းအချို့ ပေးဆပ်ခြင်းရှိပါက နောက်ထပ် (၁) နှစ် ပေးဆပ်ရန်အချိန်ကာလဆိုင်းငံ့ခွင့် (Rescheduling) လျှောက်ထားနိုင်ပါသည်။ (ယင်းကာလ အတွင်း ချေးငွေပေးဆပ်ခွင့်သာရှိပြီး ပြန်လည်ထုတ်ယူခွင့်မရှိပါ)
သို့ရာတွင် အရင်း/အတိုးမှန်ကန်စွာ ပေးဆပ်ခြင်းမရှိသော ချေးငွေများအတွက် သက်တမ်း(၁)နှစ် စေ့ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်ချေးငွေများ အမြန်ဆုံးလာရောက်ပေးဆပ် ရန် ဘဘဏ်ခွဲမန်နေဂျာမှ ဦးစွာနှိုးဆော်ပါမည်။ ပေးဆပ်ခြင်းမပြုပါက တရားဥပဒေအရ ဆက်လက် အရေးယူတော့မည်ဖြစ်ကြောင်း မန်နေဂျာနို့တစ် (Formal Notice) ဆက်လက် ပေးပို့ပါမည်။ ယင်းနောက်ပေးဆပ်ခြင်းမပြုပါက ရှေ့နေနို့တစ် (Lawyer’s Notice) ဆက်လက်ပေးပို့ပါမည်။ ပေးဆပ်ခြင်းမပြုပါက တရားမကြောင်းအရ တရားရုံးတွင် တရားစွဲဆို ဆောင်ရွက်ပါမည်။ တရားရုံးမှ ချေးငွေအရင်း/အတိုးအားလုံးပြေကြေအောင် ပေးဆပ်ရန် ပဏာမဒီကရီ၊ အပြီးသတ်ဒီကရီစသည်ဖြင့် အမိန့်ချမှတ်ပြီး ဇာရီမှုဆက်လက်ဖွင့်လှစ်၍ ဘဏ်သို့အပ်နှံထားသော အာမခံပစ္စည်းများအား လေလံတင်ရောင်းချမည်ဖြစ်ပါသည်။ လေလံရောင်းချရငွေသည် ဘဏ်ကြွေးနှင့်မကာမိပက ပုဂ္ဂလိကဒီကရီ၊ ငွေဒီကရီကို ဘဏ်မှ ဆက်လက်လျှေက်ထားပြီး တရာရှုံးပိုင်ပစ္စည်းများအားရှာဖွေ၍ ဘဏ်ကြွေးပြေ ကြေသည်အထိ ဘဏ်မှ လေလံတင်ရောင်း ချဆောင်ရွက်သွားမည်ဖြစ်ရာ ဤအချက်အား အလေးအနက် နားလည် သဘောပေါက်ထား ရန်နှင့်ငွေချေးသူဘဏ်ထက် ချေးယူသူ အနေဖြင့် စွန့်စားမှု ပိုပြုရကြောင်း သိရှိထားရမည်ဖြစ်ပါသည်။
မည်သို့သောအခြေအနေမျိုးတွင် ဘဏ်ကဆက်လက်၍ လက်ရှိအတိုင်း ငွေချေးပါ သနည်း။(သို့ မဟုတ်)ချေးငွေကို တိုးမြင့်ပေးပါသနည်း။
လူကြီးမင်၏ လုပ်ငန်းကိုဆက်လက်လုပ်ကိုင်ရာ၌ ဘဏ်၏လက်ရှိငွေကြေး ထောက်ပံ့မှု ကိုဆက်လက်၍ မရရှိပါက မဖြစ်နိုင်ကြောင်း (သို့မဟုတ်) တိုးမြှင့်ပေးခြင်း မပြုပါက မဖြစ်နိုင်ကြောင်း ဘဏ်ကကျေနပ် ယုံကြည်ပါလျှင် လက်ရှိအတိုင်းဆက်လက်၍ ငွေချေးရန်(သို့မဟုတ်) ချေးငွေကို တိုး၍ပေးရန်ကို ဘဏ်ကစဉ်းစားပါလိမ့်မည်။
ယင်းသို့စဉ်းစားရာဝယ် လူကြီးမင်း၏ လုပ်ငန်ပမာဏအလိုက် လူကြီးမင်း၏ စာရင်းတွင် ငွေသွင်းငွေထုတ် မည်၍မည်မျှရှိကြောင်း၊ ခွင့်ပြုထားသည့် ချေးငွေအကန့်အသတ် ထက်ပို၍ မကြာခဏစာရင်းမှ ငွေထုတ်ယူခဲ့ခြင်း ပြု/မပြု၊ အတိုးပေးရန်အချိန်ကျရောက်တိုင်း မှန်မှန်အတိုးပေးဆပ်ခဲ့ခြင်း ရှိ/မရှိ ချေးငွေပြန်လည်ပေးဆပ်ရန် ကျရောက်သည့်နေ့တွင် အပြေ အလည်(သို့မဟုတ်) အမြောက်အမြား ပြန်လည်ပေဆပ်နိုင်ခဲ့ခြင်း ရှိ/မရှိနှင့် ယျေဘူယျအားဖြင့် လူကြီးမင်းသည်ဘဏ်က ထောက်ပံ့သည့်ချေးငွေကို အကျိုးဖြစ်ထွန်းအောင် အသုံးပြုနိုင်စွမ်းရှိ/ မရှိ စသည့်အချက်အလက် တို့ကို ဘဏ်က ထည့်သွင်းစဉ်းစားပါလိမ့်မည်။
ချေးငွေတစ်စိတ်တစ်ဒေသကို ပြန်လည်ပေးဆပ်ပါက ဘဏ်တွင်တင်သွင်းထားသော အာမခံပစ္စည်းအချို့ကို ပြန်၍ထုတ်ယူနိုင်ပါသလား။
ဘဏ်လုပ်ငန်းမှာ အပေါင်ဆိုင်ကဲ့သို့ အာမခံပစ္စည်းတစ်ခုစီအပေါ်တွင် ချေးငွေတစ်ခုစီ အဖြစ်ဖြင့် ထုတ်ချေးထားခြင်းမပြုပါ။ သာမန်အားဖြင့် ဘဏ်နှင့်ဆက်သွယ်သူတစ်ဦးအား ထုတ်ချေးထားသော ချေးငွေများအားလုံးကို ချေးငွေတစ်လုံးတည်းအနေဖြင့် အကန့်အသတ် ပေးထားသဖြင့် ဘဏ်သို့အာမခံအဖြစ် ပေးသွင်းထားသော အာမခံပစ္စည်းတစ်ခုစီသာမက ၎င်းပစ္စည်းအားလုံးအား ဘဏ်မှ ချေးငွေအားလုံးအတွက် အာမခံပစ္စည်းများဟူ၍ ယူဆထား ပါသည်။ သို့ပါ၍ ချေးငွေတစ်စိတ်တစ်ဒေသကို ပြန်လည်ပေးဆပ်ပြီးသော်ငြားလည်း ဘဏ်သို့ ပေးသွင်းထားသော အာမခံပစ္စည်းအားလုံးကို အပြေအလည်ပေးဆပ်သည်အထိ ဆက်လက်ပြီး ကိုင်ဆောင်ထားရန် ဘဏ်တွင် အခွင့်အရေးရှိလျှက် အာမခံပစ္စည်းအချို့အဝက်ကို ပြန်လည်၍ ထုတ်ပေးရန် မပေးရန်အရေးမှာ ဘဏ်၏ဆန္ဒအတိုင်းသာ ဖြစ်ရပါမည်။
သို့ရာတွင် ဘဏ်နှင့်ကျေနပ်ဖွယ်ရာ ဆက်သွယ်နေသည့် သူများအတွက်မှာမူကား ဤ မူကို ဘဏ်ကတင်းကြပ်စွာလိုက်နာရန်မလိုပါ။
ဘဏ်မှချေးငွေများအားလုံးကို ပြန်လည်၍ ပေးဆပ်ပြီးပါက ဘဏ်တွင်အပ်နှံထား သော အာမခံပစ္စည်းများကို အချိန်မရွေးဘဏ်က ထုတ်ပေးပါလိမ့်မည်။ သို့သော်မိမိ၏ပစ္စည်းကို ဘဏ်၏ ဘဏ္ဍာတိုက်ခန်းတွင် ဆက်လက်သိမ်းဆည်းထားပေးစေလိုပါက ဘဏ်ကလုံခြုံစွာ သိမ်းဆည်း ပေးမည့်အပြင် နောင်တွင်ဘဏ်မှ တစ်ဖန်ငွေချေးလိုပါကလည်း ထိုပစ္စည်းကို အာမခံအဖြစ် ထားရှိ နိုင်ပါသည်။
ဘဏ်မှငွေချေးလျှင် တစ်ပါးသူထံပေါက်ကြားသွားမည်လား။
ဘဏ်မှငွေပေါင်းမည်၍ မည်မျှချေးယူထားသည်ကို ဘဏ်မှတစ်ပါးအခြားမည်သူမျှ မသိစေရပါ။ အမှုထမ်းအရာထမ်းအားလုံးသည် ဘဏ်၏လုပ်ငန်းအဝဝကို လျှို့ဝှက်၍ထား ပါမည်ဟူ၍ ဝန်ခံကတိပြုထားရပြီးဖြစ်ပါ၍ လူကြီးမင်းက ဘဏ်မှငွေချေးယူသည့်ကိစ္စကို အခြားသူများ သိသွား လိမ့်မည်ဟူ၍ စိုးရိမ်ကြောင့်ကြလုံးဝမဖြစ်သင့်ပါ။
ဘဏ်တွင်ငွေချေးရန်အတွက် စာရင်းရှင်စာရင်းဖွင့်လှစ်ရန် လိုအပ်ပါသလား။
လိုအပ်ပါသည်။ ဘဏ်တွင်စာရင်းရှင်စာရင်းဖွင့်လှစ်သူမှသာ ဘဏ်၏ Customer ဖြစ်လာပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။